ကျနော်နဲ့ ပေါ်ဦးသက်
ကျနော်နဲ့ သူနဲ့ အသက်က အများကြီး ကွာလေတော့ သူလူထုတိုက်ကိုရောက်လာမှ ကျနော်က သူ့ကို မြင်ဖူးတာပါ။ ဒါပေမဲ့ သူ့ကို ပထမဆုံး သတိထားမိတာကတော့ မန္တလေးမြို့ တည် နှစ်တရာပြည့် ပွဲတော်ကြီးမှာ ပြထားတဲ့ သူ့ပန်းချီကားတွေကို တွေ့မိရင်း လေးစားမိတာပါ။ ကျနော့်အမေက သူဆွဲတဲ့(ဆရာ) မြို့မငြိမ်းရဲ့ပုံ ရေဆေးကားလေးကို ဝယ်လာတာ မှတ်မိနေပါတယ်။ အဲဒီတုန်းက ကျနော်ဟာ ပန်းချီကားတွေကို တကယ်တမ်း ခံစားနိုင်စွမ်း မရှိပါဘူး။ အသက်အလွန်ငယ်ပါတယ်။ လူကြီးတွေက သူ့လက်ရာလေးကို နှစ်နှစ်ခြိုက်ခြိုက် ပြောကြတာကြောင့် ခေါင်းထဲမှာ စွဲနေတာပါ။ နောက်ပြီး အဲဒီပုံကလေးကိုလည်း ကျနော်တို့အိမ်က ဧည့်ခန်းထဲမှာ ချိတ်ထားတာဖြစ်လို့။
သူ့ကို ကျနော်စတွေ့တာက တနေ့လည်၊ ကျနော့အမေရဲ့ စာရေးစပွဲရှေ့မှာ ထိုင်လျက် ပြုံးနေတဲ့ ကိုပေါ် အဖြစ်နဲ့ပါ။ အဲဒီမှာ အမေက ကျနော့ကို "ငါ့သား၊ ဒါကိုပေါ်ဦးသက်လေ"၊ သူ့ကိုတော့ "အဒေါ့်သား ဖိုးသံချောင်း"လို့ မိတ်ဆက်ပေးပါတယ်။ ကျနော်ကတော့ ကိုယ်အထင်ကြီးတဲ့ လူတယောက်နဲ့ ပက်ပင်း ပါ တွေ့ရသူတို့ ဖြစ်လေ့ရှိတဲ့အတိုင်း ဝမ်းသာသွားတာပေါ့။ သူကတော့ နောင်မှာ အမြဲတွေ့နေရမဲ့ သွား ၃၂ ချောင်းဖော်ထားတဲ့ သူ့ရဲ့ ကြည်လင်တဲ့ အပြုံးနဲ့ ခေါင်းတချက်ငြိတ်ပီး ပြန်ပြုံးပါတယ်။ ၁၉၅၉-၆၀ လောက်ဆီက ဖြစ်မယ် ထင်ပါတယ်။ ဒီလိုနဲ့ နောင်မှာ အနုပညာနဲ့ ပါတ်သက်တဲ့ ကျနော့်စဉ်းစားနည်း တွေ အပေါ် အများကြီး သြဇာညောင်းမယ့် ပုဂ္ဂိုလ်တယောက် ကျနော့်ဘဝထဲ ဝင်လာတာပါပဲ။ လူထုတိုက်က ထုတ်တဲ့ သတင်းစာနဲ့ စာအုပ်တွေမှာ ပေါ်ဦးသက်-ဝင်းဖေ ဆိုပြီး ပန်းချီနဲ့ကာတွန်း ဆရာနှစ်ဦး ပေါ်လာတာဟာ ပေါ်ကာစက သာမန်ကာလျှံကာကိစ္စလို့ အောက်မေ့စရာ ရှိပေမယ့် အခုပြန် ကြည့်လိုက်တဲ့ အခါမှာတော့ ဒါဟာ ထူးခြားတဲ့ လက္ခဏာတွေ အများကြီးဆောင်တယ်ဆိုတာ တွေ့လာရပါတယ်။ ကိုဝင်းဖေ ရောက်လာတာဟာ ကိုပေါ်ဦးထက် လအချို့ နောက်ကျတယ်လို့ မှတ်မိနေပါတယ်။
သူတို့နှစ်ဦးဟာ နေ့ခင်းနှစ်နာရီ၊ သုံးနာရီလောက်မှာ လူထုတိုက်ကို ရောက်လာလေ့ ရှိကြပါတယ်။ ရောက်လာရင် သူတို့ ပထမဆုံးလုပ်တာဟာ အဲဒီနေ့ထုတ် ရန်ကုန်-မန္တလေးသတင်းစာတွေ အားလုံးကို လှန်ကြည့်တာပါပဲ။ သူတို့နှစ်ဦး အစကတော့ အယ်ဒီတာခန်းထဲမှာပဲ ဆွဲကြပါတယ်။ နောက်တော့ သူတို့အတွက် အကန့်လေးတခု သီးသန့် လုပ်ပေးထားပါတယ်။ အဲဒီခေတ် ကာတွန်းဆိုတာမျိုးက ဘလောက်လုပ်ပြီးမှ ရိုက်ရတာ။ ဘလောက်လုပ်ရတာလဲ လိုင်းဘလောက် လုပ်ရတာမို့ ဓါတ်ပုံ ဘလောက်ထက် လက်ပိုဝင် အချိန်ယူရပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကာတွန်းတွေဟာ မျက်နှာဖုံး၊ ဒါမှမဟုတ် နောက်ကျောဖုံး(သတင်းစာမှာ နောက်ဆုံးမှ ရိုက်တဲ့စာမျက်နှာတွေ)မှာ ဖော်ပြတာ ဖြစ်ပေမယ့် အချိန်အကန့်အသတ် အင်မတန် ကြီးပါတယ်။ သူတို့ ခေါင်းထဲက အိုင်ဒီယာ ထွက်မလာရင် "ကိုသစ်လွင်ကြီး လုပ်ပါဦးဗျ" "ကိုစိန်ဝင်း၊ ကိုထွန်းရှိန် -ဘာလေးများ စဉ်းစားမိသေးလဲ"စသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးကို အကူအညီ တောင်းတော့ပါပဲ။ တခါတလေဆိုရင် သူတို့နဲ့ အင်မတန် အသက်ကွာတဲ့ ကျနော့်ကိုတောင် မေးတတ်ပါတယ်။ မေးရာမှာ "ငါမင်းကို လက်ဖက်ရည် တိုက်ပါ့မယ်ကွာ" ဆိုတဲ့ ဟာသမျိုးလေးတွေလည်း ပါတတ်ပါတယ်။ တခါတလေမှာ သူတို့အဖို့ ကာတွန်းတခုကို ရေးဆွဲတာထက် အိုင်ဒီယာရှာရတာ ပိုခက်ကြောင်း၊ အချိန်ယူရကြောင်း ညည်းတတ် ပါတယ်။
သူတို့ဟာ အိုင်ဒီယာရပြီး ဆွဲရုံပဲကျန်တယ်၊ ဒါမှမဟုတ် အိုင်ဒီယာရှာရလို့ ခေါင်းသိတ်ပူသွားပြီဆိုရင် ဝင်းလိုက်ရုပ်ရှင်ရုံထိပ်က အောင်ဇေယျာလက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည် သွားသောက်ကြ ပါတယ်။ သူတို့ ပါးစပ်က ထွက်သမျှကို စိတ်ဝင်စားနေတဲ့ ကျနော်ကလည်း သူတို့နဲ့ လိုက်ရင်း လက်ဘက်ရည်ဆိုင်ထိုင်တာ အကျင့်ပါလာပါတယ်။ ဒါကို ကျနော့်အမေက အပြစ်မပြောပဲ "သူ့ကိုသူ ကာလသားကြီး လုပ်နေတယ်" လို့ နောက်တတ်ပါတယ်။
အဲဒီလို လက်ဘက်ရည်ဆိုင်ကို ရောက်လို့ စကားပြောကြပြီဆိုရင် ကျနော်က တကယ့်ကို နားထောင်သူ သက်သက်ပါ။ တရားနာသူလို့ဆိုရင်တောင် ရမလားမသိပါ။ သူတို့နှစ်ယောက်ဟာ စကား ပြောရင် လူငယ်တွေကို အလွန်ဆွဲဆောင်နိုင်ပါတယ်။ လေယူလေသိမ်းရော၊ မျက်နှာအမူအရာပါ အင်မတန် အသက်ပါပါတယ်။ ဒါကြောင့် သူတို့ကို ကြည်ညိုတဲ့ လူငယ်တချို့ဟာ သူတို့ပုံစံကို အတုံးလိုက် အတစ်လိုက် အတုခိုးကြတာတောင် တွေ့ရပါတယ်။ တခါတော့ ကိုဝင်းဖေမလာတဲ့ နေ့တနေ့မှာ သူနဲ့ကျနော် နှစ်ယောက်ထဲ လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး စကားပြောကြတော့ သူ့လက်ကလေး ပြတ်တဲ့အကြောင်းကို ရောက်သွားပါတယ်။ ဒီတခါမှာ သူက အခုလို ပြောပြပါတယ်။
"အဲဒီနေ့က မှတ်မှတ်ရရကွာ ငါတို့အိမ်က ပွဲသွားကြမလို့။ ဖိုးစိန်ပွဲလား ဘာလားမသိပါဘူး။ အဲဒါ ငါက ကျောင်းကပြန်လာတော့ လမ်းမှာ လက်ပစ်ဗုံးတလုံး ကောက်တွေ့ပါလေရော။ ငါက ငယ်သေးတော့ လက်ပစ်ဗုံးရယ်လို့ သေသေချာချာ မသိပါဘူးကွာ။ အဲဒါလေးကို လက်ထဲမှာ မြှောက်လိုက် ပြန်ဖမ်းလိုက်နဲ့ လုပ်ရင်း အိမ်ကိုပြန်လာတာ တနေရာရောက်တော့ လမ်းဘေးက တမာပင်အကြီးကြီးကို ငါက လက်လွှဲရိုက်လိုက်သလိုဖြစ်သွားတယ်။ သစ်ပင်ခံနေလို့ပေါ့ကွာ၊ နို့မို့ရင် ဗုံးဆံတွေက ငါ့ကိုလည်း မှန်မှာ၊ သေမှာပဲ။ ငါလဲ သွေးသံရဲရဲနဲ့ လက်ကလေးကို အင်္ကျီအိပ်ထဲမှာ လူမမြင်အောင် ဝှက်ပြီး ပြန်လာခဲ့တာ။ အိမ်ကိုရောက်တော့ သူတို့က ငါ့ကို နောက်ကျရကောင်းလားလို့ ဆီးဆူ ကြတာပေါ့။ အဲဒီတော့မှ ငါက 'ခင်ဗျားတို့ကသာ ဆူနေ၊ ဒီမှာ ကြည့်ဗျ'လို့ ငါ့လက်ကို ထုတ်ပြလိုက်တယ်။ ငါ့အမေဆိုတာ နေရာတင် မေ့လဲသွားတယ်" ဒီလိုနဲ့ သူ့အပေါ် လူတွေက ချစ်ခင်ကြင်နာချင်စရာ အချက်တချက် တိုးလာတယ် ထင်ပါရဲ့။
သူတို့တတွေ အင်မတန် ကျဉ်းကျပ်တဲ့ မဆလရဲ့ ဒီမိုကရေစီ ဘောင်ထဲမှာ ရေးရ၊ ဆွဲရတာ အင်မတန်မှ စိတ်ပိန်စရာ ကောင်းပါတယ်။ တခါတလေ ကျနော့်မိဘတွေက "မောင်ဟိုဒင်းရေ- မင်းဒီပုံကို တဖက်လှည့်ကတွေးရင် အစိုးရက ပြသနာများ တက်မလားပဲ" ဆိုတာမျိုးပြောလို့ ဒရောသောပါး အိုင်ဒီယာအသစ်ရှာရ၊ ပြန်ရေးရတာတွေ ဖြစ်ကုန်တတ်ပါတယ်။ ကျနော့်အဖေက အကြောင်းမဲ့ စိုးရိမ်တာတော့ မဟုတ်ပါဘူး။ သူ့ကို နန်းတွင်း(အဲဒီတုန်းက) နမခစစ်ရုံးက မကြာခဏ ဆိုသလို နိုင်ငံခြားသတင်းနဲ့ ပတ်သက်လို့၊ ကာတွန်းနဲ့ပတ်သက်လို့ သူတို့ မကျေနပ်ကြောင်း ဖုံးဆက်ပြောတာ ခံရလို့ပါ။
ကိုပေါ်နဲ့ ကိုဝင်းဖေ သူတို့နှစ်ယောက်ဟာ တမိဝမ်းထဲက ဖွားလာသလားလို့ ထင်ရအောင် ဆရာလည်းတူ၊ ဝါသနာလည်းတူ၊ စဉ်းစားနည်းတွေလဲ အများကြီးတူကြပါတယ်။ အသစ်ကို လက်ခံ ချင်စိတ်၊ တည်ထွင်ရဲတဲ့ သတ္တိ၊ အနုပညာနဲ့ ပတ်သက်တဲ့ ခေါင်းမာမှု စတာတွေကို နှစ်ယောက်စလုံးမှာ အထင်အရှား တွေ့ရပါတယ်။ တခါမှာ သူဆွဲတဲ့ကာတွန်းကို ကိုယ်က လက်မှတ်ထိုး၊ ကိုယ်ရေးတဲ့ ကာတွန်းကို သူကလက်မှတ်ထိုး ဆိုတာမျိုးအထိ အဆန်းထွင်တာ မှတ်မိနေပါတယ်။
သူတို့ လူထုကို ရောက်ကာစမှာ ကာတွန်းဆွဲရင် ကလောင်နဲ့ ဆွဲလေ့ရှိပါတယ်။ အဲဒီနောက် ဘာမှမကြာပါဘူး၊ ဘယ်ကနေ အကြံရလာတယ် မသိဘူး၊ တရုတ် ဝါးစုတ်တန်ရဲ့ နောက်ပိုင်းက ဝါးကို ပြားပြားချွန်ချွန်လေးဖြစ်အောင် ဓားနဲ့သပ်ပြီး ရေးကြပါတယ်။ ဆွဲထွက်လာတဲ့ လိုင်းတွေက ထူးခြားတာ အမှန်ပါ။ ဒီလိုနဲ့ တနေ့တော့ သူတို့တတွေ မန္တလေးဈေးချို တိုက်တန်းပေါ်က ဦးစမူသား ကိုစုဆိုင်မှာ နစ်ပြားအကြီးကြီးနဲ့ ပယ်လီကန် (Peliacn)တံဆိပ် လက်မှတ်ထိုးတဲ့ ဖောင်တိန်တွေ (signature pen) တွေ့ပြီး မှိုတွေ့တဲ့အလား တယောက်တချောင်း ဝယ်ပြန်လာခဲ့ကြပါတယ်။ ကျနော် အဖမ်းခံရလို့ သူတို့နဲ့ ကွဲသွားတဲ့ အချိန်ထိ သူတို့ အဲဒီဖောင်တိန်ကြီးတွေနဲ့ပဲ ဆွဲနေကြတာပါ။
အဖုံးအသစ်တခုကို သူတို့ဆွဲပြီး တိုက်ကို ယူလာပြီဆိုရင် အားလုံးက မျှော်လင့်ချက်ကြီးစွာနဲ့ အလုအယက် ကြည့်ကြတာပါ။ သူတို့ဟာတွေက ကြည့်လည်းကြည့်ချင်စရာပါ။ ဝတ္ထုလည်းဝတ္ထုမို့၊ ပုံပြင်လည်းပုံပြင်မို့၊ ကဗျာလည်းကဗျာမို့၊ အရောင်၊ လိုင်း၊ ဖွဲ့စည်းပုံ၊ အားလုံးတမူထူးခြားအောင် ရေးလေ့ရှိပါတယ်။ ကျနော့်မျက်လုံးထဲမှာ ဒီနေ့အထိ မထွက်သေးတဲ့ စာအုပ်အဖုံးပုံတွေမှ အများကြီး ရှိပါတယ်။ တချို့ကို ကျနော်တို့ တိုက်ရှေ့ခန်းမှာ မှန်ဘောင်အကြီးကြီးတွေနဲ့တောင် ထည့်ပြီး အလှချိတ် ထားပါတယ်။
ကိုပေါ်ဦးရဲ့ ထူးချွန်မှုမှာ ပါရမီဘယ်လောက်ပါတယ်ဆိုတာ ကျနော် မပြောတတ်ပါဘူး။ ဒါပေမယ့် လုံ့လဝိရိယ ဘက်မှာတော့ စံထားထိုက်တဲ့ လူပါ။ သူဟာ ပန်းချီ အနုပညာမှာ အင်မတန်မှ အောက်သက်ကျေသူ ဖြစ်ပါတယ်။ လူထုတိုက်မှာ သူနဲ့ ကိုဝင်းဖေတို့ ဝင်လုပ်နေကြတဲ့ ကာလမှာ အမေရိကန်ပြန်ကြားရေးရုံးကနေ အမေရိကန်နိုင်ငံရှိ ကာတွန်းသင်တန်းကျောင်းကြီးတခုနဲ့ မိတ်ဆက် ပေးလို့ သူတို့ ဆက်သွယ်သင်တန်း တက်ကြပါတယ်။ ဟိုက အင်မတန်စနစ်ကျတဲ့ သင်တန်းဆိုတော့ ကာတွန်းပညာရဲ့ ကကြီးခခွေးကစ သင်ရ၊ ဖြေရတာပါ။ အဲဒီလို အခြေခံတွေကို ဆွဲပြီး ပို့တော့မယ်ဆိုရင် ကိုပေါ်ဦးဟာ လက်နွှေးတဲ့သဘော အနည်းအကျဉ်းကျင့်ပြီး ပို့လိုက်တာပါပဲ။ အမြဲအမှတ်ပြည့်ရပြီး သင်တန်းပြီးတော့လည်း ထိပ်ပိုင်းက အောင်ခဲ့တာပါ။ပန်းချီမှာ ပဏာမအကျဆုံးဖြစ်တဲ့ လိုင်းနဲ့ပါတ်သက်လို့ ကိုပေါ်ဦးတို့ အောက်သက်ကျေပုံတခုကို ဥပမာပြ ပြောရရင် သူရေးခဲ့တဲ့ မြောက်မြားလှတဲ့ တကြောင်းဆွဲ လူပုံလေး (sketch portrait)တွေကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ တနေ့၊ ကျနော်တို့တိုက်က အယ်ဒီတာခန်းထဲမှာ ထိုင်လေကန်နေရင်း ကနေ သူက မတ်တပ်ရပ်နေတဲ့ကျနော့ကို "ဟေ့-ဖိုးသံ၊ ခဏလေးအဲဒီအတိုင်း နေစမ်းကွာ၊ ငါတချက် လောက်ခြစ်လိုက်ချင်လို့"ဆိုပြီး ဘုတ်ပြားပေါ် စာရွက်တရွက်ညှပ်ပြီး သူ့ ပယ်လီကင်ဖောင်တိန် နဲ့ ခြစ်လိုက်တာ ငါးမိနစ်တောင်မကြာဘူးထင်ပါရဲ့ ဘေးကကြည့်နေသူတွေ စုတ်သပ်ရတဲ့ ပုံတပုံ ထွက် လာတာပါပဲ။ ကျနော်လည်း အဲဒီပုံလေးကို နောက်နေ့မှာပဲ မှန်ဘောင်ပြေးသွင်းပြီး ကျနော့အခန်းထဲမှာ ချိတ်ထားလိုက်ပါတယ်။ သူအဲဒီလို ရေးပေးခဲ့တဲ့ ပုံပေါင်း ဘယ်နှစ်ရာရှိမလဲ မပြောတတ်ပါ။ ဘယ်သူ မဆို သူ့ကိုလက်မှတ်ထိုးခိုင်းပြီး တခုတ်တရ သိမ်းထားကြပါတယ်။
ကျနော် အထက်မှာရေးခဲ့သလိုပဲ ကိုပေါ်ဦးဟာ အင်မတန်မှ တီထွင်လိုသူ၊ တီထွင်ရဲသူ၊ တီထွင်ခဲ့သူ လည်း ဖြစ်ပါတယ်။ တချို့ လူတွေမှာ တီထွင်လိုစိတ်ရှိပေမဲ့ သတ္တိရှိချင်မှ ရှိတာပါ။ ဒီနှစ်ခုရှိအုန်းတော့ လည်း လက်တွေ့လုပ်ဖြစ်ဖို့ဆိုတာ နောက်တကဏ္ဍ ဖြစ်ပါတယ်။ ကိုပေါ်ဦးကတော့ ပန်းချီကားတွေ ရောင်းရတာ မရောင်းရတာ အပထား၊ တီထွင်စမ်းကြည့်ပြီး ပြပွဲတင်တာလည်းတင်၊ မတင်တာနဲ့ တင်ပြီးမရောင်းရတဲ့ဟာတွေကို အိမ်မှာချိတ်ရင် ချိတ်ထား၊ ပုံချင်ပုံထားလိုက်တာပဲ။ ဘယ်လိုပဲ အဖြေထွက်ထွက်၊ သူ့ရဲ့ တီထွင်လိုစိတ်ကိုတော့ နောက်တွန့်မသွားစေခဲ့ပါဘူး။ ကျနော် လက်လှမ်းမီသ လောက် သူ့ပန်းချီကားတွေကို ကြည့်လိုက်တော့ သူဟာ ဘယ်လိုပဲထွင်ထွင်၊ ဘယ်လောက်ပဲ ဒြပ်မဲ့(abstract) ဆန်ဆန်၊ နောက်ဆုံးကျတော့ မြန်မာ့အမျိုးသား စရိုက်ကိုပဲ ပြန်လိုက်ပါတယ်။ အဲဒါ သူ့ စိတ်ရင်း၊ စရိုက်နဲ့ တိုက်ရိုက်ပါတ်သက်နေတယ်လို့ ထင်ပါတယ်။
ဆရာမြို့မငြိမ်းရဲ့ သားမက်ဖြစ်ကြောင်း အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ ကိုပေါ်ဦးရဲ့ အလေ့အကျင့် တခုက ပန်းချီရေးတဲ့ အခါဖြစ်စေ၊ ကာတွန်းဆွဲတဲ့အခါဖြစ်စေ၊ သောက်လက်စ ဆေးပေါ့လိပ်လေးက မီးခိုးအတအူအူ သူ့ပါးစပ်က သီချင်းလေးတလွင်လွင်နဲ့ အလုပ်လုပ်လေ့ ရှိပါတယ်။ ဓမ္မတာပဲ သူအများဆုံး ဆိုညည်းလေ့ ရှိတာတွေကတော့ ဆရာငြိမ်းသီချင်းတွေပါ။ ဒါပေမယ့် တခါတလေလည်း အနောက်တိုင်းတီးလုံးတွေကို ပစပ်ဆိုင်းတီးနေတတ်ပါတယ်။ သူဟာ ကာတွန်းဆွဲရင် ဘယ်လောက် ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာမဆို ဆွဲလို့ရပြီး ပန်းချီဆွဲရင်တော့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ဆွဲလေ့ရှိပါတယ်။ ကျနော်နဲ့ ရင်းရင်းနှီးနှီးနေတဲ့ ကာလတုန်းကဆိုရင် ညသန်းခေါင် အိမ်သားတွေ အိပ်ကုန်တော့မှ တစ်ယောက်ထဲ ရေးတတ်ပါတယ်။
သူ့ပါးစပ်က လူတယောက်အကြောင်း နစ်နစ်နာနာ ပစ်ပစ်နှစ်နှစ် ပြောတာရယ်လို့ တခါမှ မကြားဘူးသလို ကြီးငယ်မရွေး လူတိုင်းနဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံတတ်တာကို သူနဲ့ပေါင်းဖူးသူတိုင်း သတိမပြုပဲ မနေနိုင်ပါဘူး။ တကယ်တော့ တီထွင်မှုတွေ အများကြီးလုပ်သူ၊ အောင်မြင်သူဆိုတာ အယူအဆမတူသူ၊ မနာလို အမုန်းပွါးသူတွေ တွေ့ရတတ်တာချည်းပါပဲ။ သူလဲချွင်းချက်မဟုတ်ပါဘူး။ နို့ပေမယ့် အဲဒီလိုလူတွေကို သူက ဒေါသအမျက်နဲ့ ကွယ်ရာမှာဖြစ်စေ၊ ရှေ့မှာဖြစ်စေ ပြောဆိုတာရယ်လို့ ကျနော်ဖြင့် တခါမှ မကြားရဖူးပါဘူး။ သူ့မှာ နိုင်ငံရေးအစွဲအလန်းလည်း မရှိပါဘူး။ သူစွဲလန်း ယုံကြည်တာ ဘာသာရေး သက်သက်ပါ။
ကျနော်ထောင်ထဲရောက်တော့ အာဏာပိုင်တွေက သတင်းစာတွေကို ထောင်ထဲ သွင်းခွင့်မပေးပါ ဘူး။ ဒီတော့ ကျနော်တို့ဟာ ကျနော်တို့ အိမ်သာသုံးဖို့ရတဲ့ သတင်းစာတွေကို စု၊ ကော်နဲ့သုတ် ပြန်ဆက်ပြီး လှည့်ဖတ်ကြရပါတယ်။ အဲဒီလို ဖတ်ကြတဲ့အခါမှာ တခါတလေ ကိုယ့်အိမ်ကထုတ်တဲ့ သတင်းစာလည်း ဖတ်ရပါတယ်။ အဲဒီလို ဖတ်ရလို့ အိမ်ကိုသတိရစေတဲ့အထဲမှာ ကိုပေါ်ဦးရဲ့ 'သူတော်' ကာတွန်းလဲ ပါပါတယ်။ သူတော်ဆိုတာက ဒီကာတွန်းနဲ့ နာမည်ရ၊ သူ့မှတ်ပုံတင်တဆိပ် လိုဖြစ်နေတဲ့ သတင်းစာမှာ နေ့စဉ်ပါတဲ့ ကာတွန်းကဏ္ဍလေးတခုပါ။
ကိုပေါ်ဦးဟာ ဘယ်လိုလူလဲဆိုတဲ့ မေးခွန်းမျိုးအတွက် အတိုဆုံးနဲ့ အမှန်ကန်ဆုံး အချက်ကို ပြောရရင် ရိုးသားခြင်း၊ မေတ္တာထားခြင်း နဲ့ လုံ့လဝရိယရှိခြင်းတို့က ထုဆစ်ပုံသွင်းလိုက်တဲ့ စံပြလူသား တဦးဖြစ်တယ်လို့ပဲ ဖြေလိုက်ချင်ပါတယ်။
ဖိုးသံ(လူထု)