သူပြောတဲ့စကား နားထောင်ထောင် . . . သူရေးတဲ့ ပန်းချီကားကြည့်ကြည့် ပီတိဖြစ်ရတဲ့ ပေါ်ဦးသက်


ခင်ခင်မင်မင်ရှိခဲ့တဲ့ ပေါ်ဦးရဲ့အကြောင်းရေးမယ်ဆိုရင် ကျွန်တော် သိသလောက်ကိုကအတော်များတယ်။ ရေးစရာတွေများတဲ့အထဲက ကောက်ချက်ကလေးတွေကိုသာ ရွေးပြီး ရေးပြချင်တယ်။ အဲဒီအချိန်တုန်းက ပေါ်ဦးက ကျောင်းနေတုန်း၊ သူနေတဲ့ကျောင်းက စိန့်မေရီကျောင်းဆိုတော့ ကျောင်းသွားကျောင်းပြန်ဆိုတာလို ကျွန်တော်လခစားလုပ်နေတဲ့ ရွှေတိုက်ရုပ်ရှင်ရုံကို နေ့တိုင်းဝင်ဝင်လာပြီး ကျွန်တော်တို့ ပိုစတာရေးနေကြတာကို စိတ်ဝင်တစားကြည့်လေ့ရှိတယ်။

အဲဒီလို ကျွန်တော်တို့ ပန်းချီခန်းကို အဝင်အထွက်များလာတဲ့အတွက် ပေါ်ဦးဟာ ကျွန်တော်တို့တစ်တွေနဲ့ ခင်မင်သွားကြတယ်။ ပေါ်ဦးကျောင်းက ထွက်ပြီး ပန်းချီပညာကိုရှေ့တော်ပြေးဝင်းက ပန်းချီဆရာကြီးဦးဘသက်ဆီမှာ သင်ကြားတယ်။ ဆရာကြီးဦးဘသက်ကလည်း ပေါ်ဦးကိုချစ်တယ်။ သင်တဲ့နေရာမှာလည်း ကျွန်တော်တို့ နားမလည်ခဲ့တဲ့ အခြေခံတွေကစပြီးသင်စေခဲ့တယ်။ အဲဒီအခြေခံနည်းပညာက ဘာလဲဆိုတော့ ရက်သတ္တ တစ်ပတ်လောက်ဟာ စက္ကူပေါ်မှာ မျဉ်းမတ်တွေကိုပဲ ရေးခိုင်းပြီး နောက်ရက်သတ္တတစ်ပတ်ကျတော့ စက္ကူပေါ်မှာ မျဉ်းပြေးတွေကိုပဲရေးခိုင်းတယ်။ မျဉ်းပြေးနဲ့ မျဉ်းမတ်ဆိုတာ ဒေါင်လိုက်နဲ့ အလျားလိုက်ကို ပြောတာပါ။ ပေါ်ဦးက သူကျင့်နေရတဲ့ အခြေခံတွေယူလာပြီး ကျွန်တော်တို့ကို ပြသတဲ့အခါ ဒါတွေကို အခြေခံအဖြစ် ဘာပြုလို့ သင်ကြားပေးနေတာလဲဆိုတာ ကျွန်တော်တို့မှ မသိတာ မသိတော့ အားမရကြဘူးပေါ့။

ပေါ်ဦးရဲ့ အရင်ဆရာကြီးဦးဘသက်ဆီမှာ ပန်းချီပညာသင်ကြားခဲ့ကြတဲ့ ဆရာမြို့မငြိမ်းရဲ့သား အကြီးဆုံး ကိုမောင်မောင်နဲ့ဖြူးက ကိုတင်မြင့်တို့ကို သင်ပေးတုန်းက ဒီမျဉ်းမတ်တို့၊ မျဉ်းပြေးတို့ဆိုတာ မပါခဲ့ဘူး။ ပေါ်ဦးကျမှ ထူးထူးခြားခြားဆိုပြီးကျွန်တော်လည်း နားမလည်ခဲ့ဘူး။ ပေါ်ဦးရဲ့ အဖေကလည်း ပန်းချီဆရာပဲ။ ဦးလှကြီး ကျွန်တော်တို့နဲ့ခင်တယ်။ ပေါ်ဦးရဲ့ညီ မောင်မောင်ဆိုတာလည်း ရှိတယ်။ သူကလည်း သူ့အဖေဆီက ပန်းချီပညာသင်နေတာပဲ။ သူတို့နေတာက လမ်း ၃၀၊၈၄_၈၅ကြားမှာ။ ဒီအချိန်တုန်းက ပန်းချီအောင်စိုးက သူ့ကိုယ်သူ ]ဗဂျီအောင်စိုး}ဆိုပြီး ရေးတယ်။ အဲဒါကို အားကျပြီး ဦးလှကြီးကလည်း သူ့ကိုယ်သူ ]လှကြီး ဗဂျီ}လို့ ရေးလိုက်တယ်။ ဒီကစပြီး ကျွန်တော်တို့ကလည်း ဦးလှကြီးကို ]လှကြီးဘကြီး}လို့ ပြောင်းပြီးခေါ်ခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ ဦးလှကြီးဆိုတာ မနက်တိုင်းဝင်းလိုက်ရုံပေါက်က အောင်ဇေယျာလက်ဖက်ရည်ဆိုင်မှာ ဆုံနေကျ၊ ဦးလှကြီးက စကားပြောကောင်းတယ်။ သူ့ကို မီအောင်နိုင်အောင် ပြောနိုင်တဲ့ ပြိုင်ဘက်ဆိုတာ မရှိကြဘူး။ သူက နန်းတွင်းမှာလည်း စစ်ပန်းချီအလုပ်ကို လခနဲ့တာဝန်ယူရသေးတယ်။

အောင်ဇေယျာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဆိုတာလည်း ပန်တျာကျောင်းက ဆီဆေးပန်းချီနည်းပြဆရာ ဦးအေးကျော်နဲ့ ဒေါ်လှမေတို့ဆိုတော့ ကျွန်တော်တို့တစ်တွေနဲ့ ရင်းနှီးကြတယ်။ ဆရာဦးအေးကျော်ဆိုတာကတော့ တစ်ခါတစ်ရံသာ အောက်ဆင်းပြီး ကျွန်တော်တို့ ဝိုင်းထဲဝင်ပြီး ပြောတာဆိုတာပါ။ သူ့ဟာသူအပေါ်မှာ ပန်းချီရေးနေတာများပါတယ်။ ဆရာဦးအေးကျော်နဲ့ ခင်မင်တဲ့ ပန်းချီမိတ်ဆွေကတော့ ဦးခင်မောင်(ဘဏ်)ပါပဲ။ ကျွန်တော်သိရသလောက်တော့ နှစ်တွေကြာလာတဲ့အခါမှာ မောင်မောင်က မောင်မောင်သက်ဆိုပြီး စီးပွားရေးပန်းချီနယ်ထဲကို ဝင်ရောက်လာသလို၊ ပေါ်ဦးကလည်း ပေါ်ဦးသက်ဆိုပြီး စီးပွားရေးပန်းချီနယ်ထဲကို ဝင်ရောက်လာကြတယ်။ မောင်မောင်သက်ကတော့ ဆိုင်းဘုတ်တွေ ပိုစတာတွေ၊ ဒီဇိုင်းတွေရော ရေးတာများတယ်။ ပေါ်ဦးသက်ကတော့ လူထုသတင်းစာမှာ ကာတွန်းတွေနဲ့စာအုပ်မျက်နှာဖုံးတွေ၊ ပြီးတော့ သူက ပန်းချီကားတွေပါ ရေးဆွဲလာတယ်။

ပေါ်ဦးသက်ရေးဆွဲတဲ့ ပန်းချီကားတွေဆိုတာ မြန်မာဆန်တဲ့ ဘုရားကျောင်းကန် စေတီပုထိုးအမျိုးမျိုးရေးဆွဲတဲ့အပြင် ရှေးဟောင်းကျောင်းအိုဇရပ်အိုတွေကို ဦးစားပေးရေးတာတွေ့ရတယ်။ ပေါ်ဦးသက်ရေးတဲ့ပန်းချီကားတွေကို ကြည့်ပြီးတဲ့အခါကျမှ ချစ်လှတဲ့တပည့်အတွက် ကြိုတင်ကာအမြော်အမြင်ကြီးမားစွာနဲ့ သင်ကြားပေးလိုက်တဲ့ဆရာကြီး ဦးဘသက်ရဲ့ ပညာရည် ဉာဏ်ရည်တို့ကို နားလည်လာခဲ့ရတယ်။ သူတပည့်ဖြစ်သူဟာ သူများလို လက်နှစ်ဖက်မှ မပါရှာတဲ့ဥစ္စာ၊ ဒါကြောင့်မို့ မျဉ်းမတ်တို့ မျဉ်းပြေးတို့ကို တစ်စိုက်မတ်မတ်လေ့ကျင့်ခိုင်းခဲ့တဲ့အတွက် အခုလိုလက်နှစ်ဖက်ရှိတဲ့သူတွေထက်တောင်ပိုကောင်းအောင် ပေါ်ဦးသက်က ရေးဆွဲနိုင်တာကို သူရေးတဲ့ပန်းချီကားတွေကို ကြည့်ခြင်းအားဖြင့် ထင်ထင်ရှားရှား တစ်မူခြားနားနေတာမျိုးတွေ့ရတယ်။ မျဉ်းမတ်နဲ့မျဉ်းပြေးလေ့ကျင့်မှုမရှိဘဲ စေတီပုထိုးနဲ့ ဘုရားကျောင်းကန်ဇရပ်တွေကို ရေးလို့မရဘူး။ အထူးသဖြင့် စေတီရေးဆွဲတဲ့အခါမှာ နည်းနည်းမှ ယိုင်လို့၊စောင်းလို့မရဘူး။ တည့်တည့်မတ်မတ် ရှိစေရတယ်။ ယိုင်လိုက်ပြီ၊ စောင်းလိုက်ပြီဆိုရင် ပန်းချီကားပျက်တာပဲ။

ပေါ်ဦးသက်နဲ့ဝင်းဖေတို့ဟာ နိုင်ငံခြား အနုပညာကျောင်းကပေးတဲ့သင်တန်းကို စာပေးစာယူစနစ်နဲ့ တက်ကြတယ်။ ပညာတော်တဲ့အတွက်သူတို့နှစ်ယောက်ကို စကောလားရှစ်ပေးတယ်လို့သိရတယ်။ နိုင်ငံခြားအနုပညာကျောင်းကပေးပို့တဲ့ လေ့ကျင့်ခန်းအဖြစ် ရေးပို့ရမယ့်ပုံကို ပေါ်ဦးသက်က ကျွန်တော့်ဆီ လာပြတယ်။ အမြန်ဆုံးပြေးနေတဲ့ လူတစ်ယောက်ရဲ့ပုံကိုရေးပို့ပါတဲ့။ ပေါ်ဦးသက်က သူရေးထားတဲ့ အမြန်ဆုံးပြေးနေတဲ့ပုံကို လာပြတယ်။ ကျွန်တော်ကလည်းသူရေးထားတဲ့ပုံကိုကြည့်ပြီး ဒီထက်မြန်အောင် ပြေးနိုင်တဲ့သူမရှိနိုင်ဘူးလို့ ပြောပြလိုက်တယ်။ ပေါ်ဦးသက်က သူရေးပို့လိုက်တဲ့ ပုံနဲ့ ကျောင်းက ပြန်ပို့လိုက်တဲ့ သူ့ဆရာရေးပေးလိုက်တဲ့ပုံနှစ်ပုံကို ယှဉ်ပြီးကြည့်ခိုင်းပြန်တယ်။ သူ့ဆရာရေးပေး လိုက်တဲ့ပုံကို နှစ်ခုယှဉ်ပြီး ကြည့်လိုက်တဲ့အခါမှာမြန်ပါတယ်ဆိုခဲ့တဲ့ ပေါ်ဦးသက်ရဲ့ပုံဟာ နှေးကွေးသွားသလိုပဲ။ သူ့ဆရာရေးပေးလိုက်တဲ့ပုံဟာ ပြေးနေတဲ့ ဟန်တွေက အရှိန်အဟုန်ပိုပြီး အားကောင်းနေတာကို တွေ့ရတယ်။

သူတို့တက်ကြတဲ့ နိုင်ငံခြားသင်တန်းက နည်းပြဆရာတွေဟာ ပန်းချီပညာမှာလက်စွမ်းထက်ကြသလို အတွေးအခေါ်ဉာဏ်ပညာပိုင်းတွေမှာ အဆင့်မြင့်ကြတယ်လို့ ပေါ်ဦးသက်က ပြောပြတယ်။ အဲဒီလို နိုင်ငံခြားက စာပေးစာယူစနစ်နဲ့သင်တန်းတက်ကြသူတွေထဲမှာ ဆရာဦးခင်မောင်(ဘဏ်)လည်းပါတယ်။ ပန်တျာကျောင်းဆီဆေးပန်းချီ နည်းပြဆရာဦးအေးကျော်လည်းပါတယ်။ မြန်မာမှု ပန်းချီဦးအေးမြင့်လည်း ပါဝင်တယ်။ ဆရာဦးခင်မောင်(ဘဏ်)က ကျွန်တော့်ကို ဒီလိုပြောဖူးခဲ့ပါတယ်။ စာပေးစာယူစနစ်နဲ့ ဒီပန်းချီ သင်တန်းကိုတက်ရတာ တက်ရကျိုးနပ်ပါတယ်တဲ့။ ပေါ်ဦးသက်ဟာ အချိန်တိုလေးအတွင်းမှာပဲ သူ့လက်ရာတွေ ကမ္ဘာ့ကုလသမဂ္ဂထိရောက်အောင် လက်စွမ်းပြနိုင်ခဲ့သူပါ။ စီးပွားရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှပူစရာမလိုရအောင် နောက်ကြောင်းအေးတဲ့သူပါ။ အဲဒီလို မပူမပင်ရအောင်လည်း ဇနီးဖြစ်သူ မတင်ကြည် (မြို့မငြိမ်းရဲ့သမီးအကြီးဆုံး)က ရှာနိုင်ဖွေနိုင်တဲ့သူဖြစ်တဲ့အပြင် ပေါ်ဦးသက်လိုအပ်သမျှ ပန်းချီပစ္စည်းတွေကိုလည်း ရအောင်ကူညီဆောင်ရွက်ကာ ပါရမီဖြည့်ပေးနေတယ်။ ဒါကြောင့်မို့လည်း ပေါ်ဦးသက် ကျွန်တော့်ဆီလာတဲ့အခါ သူ့ကိုကြည့်ရတာဟာ ပူပင်သောကတို့၊ ငွေရေးကြေးရေးတို့ဆိုတာသူနဲ့မဆိုင်သလိုပဲ နေနေတာတွေ့ရတယ်။ အမြဲတမ်းပြုံးစိပြုံးစိနဲ့ လာရင်လည်း ဆေးပေါ့လိပ်ကို ပါးစပ်မှာခဲပြီး လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး ယမ်းမီးခြစ်ကို ခြစ်လိုက်တဲ့ပုံများ ခုထက်ထိ မျက်စိထဲ မြင်ယောင်ယောင်ဖြစ်နေဆဲပဲ။

ဒေါ်ခင်မျိုးချစ်က သူ့ကို ပြောပြလိုက်တဲ့ ပုံပြင်တွေကို ကျွန်တော့်ကို ပြန်ပြောပြတယ်။ ပြောပြပြီး သူ့ဟာသူ သဘောကျကာ တော်တော်နဲ့ရယ်လို့မပြီးတော့ဘူး။ သူပြောပြတဲ့ စကားကိုပဲ နားထောင်ထောင်၊ သူရေးတဲ့ပန်းချီကားတွေကို ကြည့်ကြည့်၊ စိတ်မှာပီတိဖြစ်ရတယ်။ ဒါ့ကြောင့်မို့ ပေါ်ဦးသက်ကို လွမ်းတယ်၊ သတိရတယ်။ သူက အတင်းစကားမပြောတတ်ဘူး။ သတင်း စကားကိုပဲ ပြောတတ်တယ်။ အဲဒါကိုက ချစ်စရာ။ မှတ်မှတ်ရရ သူပြောသွားတဲ့စကားရှိတယ်။ သူသာ ပညာရေးကို ကိုင်ရမယ်ဆိုရင် ကျောင်းသား တွေအားလုံး ကာတွန်းပညာကို မသင်မနေရလို့ သတ်မှတ်မှာပဲတဲ့။ ကာတွန်းပညာသာ တတ်မြောက်ကြမယ်ဆိုရင် လူတွေ ခုလိုအတွေးအမြင်အယူအဆတွေ ဖင့်နွှဲပြီး လေးပင်ထိုင်းမှိုင်းနေကြမှာ မဟုတ်ဘဲ ထက်မြက်ပြီး သွက်လက်နေကြမှာ သေချာတဲ့ အကြောင်း အားပါးတရပြောကြားသွားခဲ့ဖူးပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း ကျွန်တော်က ထောက်ခံအားပေးလိုက်ပါတယ်။

ပေါ်ဦးသက်ရဲ့ပန်းချီကားတွေကို ဝယ်ယူစုဆောင်းကြတဲ့ လူငယ်တစ်စုက ပန်းချီကားတွေ ယူလာပြီး ပြကြတယ်။ သူတို့တစ်တွေ သိချင်တာက ပန်းချီကားကိုကြည့်ပြီး ပေါ်ဦးသက်ရဲ့ လက်ရာ ဟုတ် မဟုတ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောပြရမှာဖြစ်ပါတယ်။ ကျွန်တော်က ပေါ်ဦးသက်ရဲ့ လက်ရာ ဟုတ် မဟုတ်ဆိုတာ ဆုံးဖြတ်ပေးလိုက်တဲ့အခါ သူတို့ထင်နေတာက ပန်းချီကားကြည့်ပြီး ဆုံးဖြတ်တယ်လို့ ထင်နေကြတာကိုး။ ပေါ်ဦးသက်ရေးတဲ့ ပန်းချီကားကိုကြည့်ပြီး ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ ကျွန်တော်ကြည့် တာက ပေါ်ဦးသက်ရဲ့ထိုးထားတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ သူ့လက်မှတ်ကိုကြည့်ပြီး ဆုံးဖြတ်ပေးနေတာပဲ။ ပန်းချီကားကမှ မတူတူအောင် ရေးမယ်ဆိုရင် ရနိုင်ချေရှိသေးတယ်။ ပေါ်ဦးသက်ရဲ့ လက်မှတ်ကို တူအောင်ထိုးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ကျွန်တော်က ပေါ်ဦးသက်ရဲ့ လက်မှတ်ကိုကြည့်ပြီး ဟုတ်မဟုတ်ဆိုတာ ခွဲခြားကာဆုံးဖြတ်ပေးနေခဲ့တာ။ ဒါပေမဲ့ ဒီအကြောင်းကို သူတို့တစ်တွေကို ဖွင့်မပြောဘဲ 'လျှို'ထားတယ်။

ရိုးရိုးသားသားနဲ့ခင်စရာမင်စရာကောင်းတဲ့ ပေါ်ဦးသက်ကို ဂုဏ်ပြုကာ မှတ်မှတ်ရရ ရေးပါတယ်။ ၂၀၁၆ခုနှစ်က ပေါ်ဦးသက် အသက်(၈၀)ပြည့်ဆိုပဲ။



ပန်းချီဦးအေးမောင်

Credit: ရွှေမန္တလေးဂျာနယ် (အတွဲ ၃၊ အမှတ် ၂၁)
၄၊ ဇန်နဝါရီ၊ ၂၀၁၆။