‘ရင်ဝယ်တရှိုက် ပုဂံ၌’ ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ခံ ပုဂံ

ကျွန်တော်သည် မန္တလေးမြို့သို့ ခေတ္တခဏ ရောက်ရှိနေခိုက် တစ်ခုသော ညနေခင်းတွင် သိမ့်ခနဲ မြေငလျင်လှုပ်သွားခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် နောက်နေ့ထုတ် သတင်းစာအသီးသီးတို့၌ ၎င်းမြေငလျင်လှုပ်ခြင်းနှင့် ပတ်သက်၍ ပုဂံမှ ဘုရားပုထိုးစေတီများ အတော်ပင် ပျက်စီးကုန်ကြပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ်သတင်းတို့ ပါလာကြပါတော့သည်။

ထိုအချိန်မှစ၍ ကျွန်တော်သည် ပြိုပျက်ကုန်ကြသော ပုဂံဘုရားပုထိုးများအား သွားရောက်ဖူးမြော်လိုသော ဆန္ဒများ တဖွားဖွား ပေါ်ပေါက်နေဆဲတွင် မန္တလေးတက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာဦးသန်းထွန်းတို့အဖွဲ့ ပုဂံသို့ သွား‌ရောက်မှတ်တမ်းတင် လေ့လာကြမည်ဆိုသော သတင်းကိုကြားရ၍ ထိုအဖွဲ့နှင့်အတူ အခွင့်သာခိုက် တစ်ပါတည်း ကျွန်တော်လိုက်ပါသွားခဲ့ပါသည်။

ဓာတ်ပုံ – ဖေညွန့်ဝေ ပန်းချီဆိုတာ ဘာလဲ စာအုပ်
၁၉၆၀ ခုနှစ်၊ ပုဂံမြို့သို့ ရှေးဟောင်း မြန်မာ့ အနုပညာနှင့် ပန်းချီပညာ သွားရောက်လေ့လာစဉ်က ပေါ်ဦးသက်၊ ဘဏ်ခင်မောင်၊ အောင်ခင်

ဇူလိုင် ၂၄ရက် နံနက်၄ နာရီတွင် မန္တလေးမှ ညောင်ဦးသို့ ခရီးစတင်နှင်ကြရာ ညောင်ဦးသို့ ညနေ ၂နာရီခွဲတွင် ရောက်ပါသည်။ စခန်းချရာနေရာသို့ ရောက်သောအခါ ညနေ ၃နာရီထိုးပြီ ဖြစ်သဖြင့် ထိုနေ့က နားလိုက်ကြပါသည်။

ဇူလိုင် ၂၅ရက်နေ့ နံနက် ၆နာရီမှစ၍ ကျွန်တော်တို့အဖွဲ့သည် ပုဂံသို့ ခြေလျင်လေ့လာရေးခရီး စတင်လှုပ်ရှားကြပါတော့သည်။ ထိုနေ့ကစ၍ ဩဂုတ်လ ၁ရက်အထိ လေ့လာမှတ်တမ်းပြုခဲ့သမျှ ဘုရားပေါင်းမှာ ရွှေစည်းခုံ၊ ကျန်စစ်သားဥမင်၊ ဝက်ကြီးအင်း၊ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ အာနန္ဒာ၊ သဗ္ဗညု၊ ဥပါလိသိမ်တို့ အပါအဝင် စေတီပုထိုးပေါင်း ၅၁ ဆူ တိတိရှိပါသည်။

ဤမျှသော စေတီပုထိုးများကို ရက်အနည်းငယ်အတွင်း ခရီးတွင်တွင် လေ့လာနိုင်ခဲ့ခြင်းတွင် မြို့ခံလူထုနှင့်တကွ တပ်မတော်တို့၏ အကူအညီသည် အကြောင်းတစ်ခုဖြစ်ပါသည်။

ကျွန်တော်တို့တစ်တွေ ရှုမြင်ခဲ့ကြရသော စေတီပုထိုးများ အားလုံးလိုလိုပင် ဝမ်းနည်းစရာများချည်း ဖြစ်ကြပါသည်။ ထိုအနက် ကျွန်တော့်ရင်ဝယ် နင့်ခနဲနေအောင် ထိခိုက်ကြေကွဲမှုကို ခံစားခဲ့ရသည့် စေတီပုထိုးများမှာ မနူဟာ၊ ကူးနီးနှင့် ကုန်းတော်ကြီးဘုရားတို့ ဖြစ်ကြပါသည်။

ရှေးမဆွကပင် ကျွန်တော်တို့သည် ပုဂံသို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူးသည်။ ရောက်လေတိုင်းလိုလိုပင် မနူဟာဘုရားကြီးကို ကျွန်တော် ဖူးမြော်ခဲ့ဖူးပါသည်။ သည်တစ်ခေါက်မူ အရင်ဖူးမြော်ခဲ့ရဖူးသော မနူဟာဘုရားကြီး မဟုတ်တော့ပါ။ ‌ခေါင်းထွတ်ပွင့်လျက် မဏိတော်မရှိတော့သော မနူဟာဘုရားကြီးဖြစ်နေကြောင်း ရင်နင့်ဖွယ် ဖူးမြော်လိုက်ရပါသည်။

ဓာတ်ပုံ – မောင်ခင်ညို ငလျင်ဒဏ်ခံ ပုဂံရွှေပြည်စာအုပ်၊ ငလျင်ဒဏ်ခံ မနူဟာဘုရား

အင်္ဂတေများ ကွာကျနေပုံမှာ အရေတော်ကို ဆုတ်ယူ ပစ်လိုက်ဘိသကဲ့သို့၊ ကိုယ်တော်ကြီးအတွင်းမှ အုတ်ချပ်များ၊ ဖရိုဖရဲဖြစ်နေကြပုံမှာ ညှပ်ရိုးတော်၊ နံရိုးတော်များ ကြိုးပြတ်နေကြဘိသကဲ့သို့၊ ငလျင်ဒဏ်ဖြင့် နံရံ၌ ပြိုပျက်ကျစဉ်က အုတ်အင်္ဂတေတို့ စွန်းခြစ်၍ ပေကျံနေရစ်ခဲ့ကြသော မြေနီရာတို့မှာ ကိုယ်တော်ကြီး၏ သွေးတော်များပေကျံ စွန်းရစ်ခဲ့ကြဘိသကဲ့သို့။

ပါမောက္ခဦးသန်းထွန်းသည် အလွန်လှပသော အင်္ဂတေပန်းတို့နှင့် ဆေးရေးပန်းချီများကို ပြမည်ဟုဆိုကာ ကျွန်တော်တို့အဖွဲ့ကို ကူးနီးဘုရားသို့ ခေါ်သွားပါသည်။ ကျွန်တော်တို့ကလည်း ကြည့်လိုက် ကူးလိုက်မဟဲ့ဟု အားခဲပြီး လေကြီးမိုးကြီးကြားထဲမှာ လိုက်ပါသွားခဲ့ကြပါသည်။

ကူးနီးဘုရားသို့ ရောက်၍ အတော်အတန်မျှသော ပုံပန်းများကို မှတ်ယူကြည့်ရှုပြီးနောက် ဘုရားမှ ပြန်ထွက်လာသောအခါ “ခင်ဗျားတို့ကို ကျွန်တော် ပြချင်တဲ့ဟာတွေဟာ အခုခင်ဗျားတို့ နင်းထားကြတဲ့ မြေကြီးပေါ်က အမှုန့်ဖြစ်နေတာတွေပေါ့ဗျာ” ဟု ဆရာက ပြောပါသည်။ ဆရာဦးသန်းထွန်း၏ အသံသည် ကျွန်တော့်ရင်ကို တံကျင်နှင့် လျှိုလိုက်ဘိသို့ စူးဝင်သွားသည်ကို ခံစားလိုက်ရပါတော့သည်။

တစ်ည ဒေါ်အမာ၊ ဆရာဦးသန်းထွန်းနှင့် ကျွန်တော်တို့ ရွှေကိုင်းသား ရေးသားထားခဲ့သော ပုဂံဆောင်းပါးကိုဖတ်ပြီး နောက်နေ့တွင် ကုန်တော်ကြီးဘုရားသို့ သွားကြပါသည်။ ဘုရားတံခါးမှာ သော့ပိတ်ထားပါသည်။ သော့ဖွင့်ပေးမည့်သူကိုရှာရန် မလွယ်ကူသောကြောင့် တံခါးကြားမှသာ ဘုရားအတွင်းသို့ ချောင်းကြည့်ကြရပါသည်။

မြင်ရသောမြင်ကွင်းမှာ နံရံပေါ်၌ အင်္ဂတေပန်းတို့ မည်ရွေ့မည်မျှ ကျန်သေးသည်ကို မသိခဲ့ရသော်လည်း အောက်၌ ပုံကျနေသော အင်္ဂတေကပင် တောင်လိုမောက်နေပါသည်။ ဆရာဦးသန်းထွန်းက “အင်း . . . ကျွန်တော်တို့တစ်တွေ အထဲကို ဝင်မကြည့်ရတာပဲ စိတ်ချမ်းသာပါတယ်ဗျာ” ဟု နှစ်သိမ့်စကားဆိုပါသည်။ ထိုစကား၏ သဘောအနက်ကို နားလည်လိုက်ရသော ကျွန်တော့်မှာ တစ်ဖန် ရင်နင့်ခဲ့ရပြန်ပါသည်။



ပေါ်ဦးသက်ပန်းချီ

ယခင်က ပုဂံသို့ ရောက်ဖူး၊ ကြည့်ဖူး၊ မှတ်သားခဲ့ဖူးပါ၏။ ထိုစဉ်က အသက်ကလည်းငယ်၊ ဗဟုသုတကလည်းကျဉ်း၊ ပညာကလည်း နည်းသေး၍ ပုဂံအလှ၏ အတိမ်အနက်ကို မထောက်မီနိုင်ခဲ့ပါ။ ယခုအတော်အတန် ထောက်မီနိုင်သောအခါ၌မူ ပုဂံ၏ အလှများစွာတို့သည် သင်္ခါရသဘော ဆိတ်သုဉ်းရွေ့လျောခြင်းသို့ ရောက်ကြရကုန်လေပြီ။

ကျန်ရှိနေသေးသော ပုဂံ၏အလှများ နောက်ထပ် ထို့ထက် မဆိတ်သုဉ်း၊ ရွေ့လျောစေရန် ဝိုင်း၍ ဝန်း၍ မှတ်တမ်းတင်ခြင်း အရှည်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုနိုင်ကြပါမူကား လူမျိုးနှင့် တိုင်းပြည်၏ ယဉ်ကျေးမှုအတွက် ကောင်းလေစွ ဟူ၍သာ မချိသောနှလုံး မပြုံးနိုင်သော ခံစားမှုတို့ဖြင့် ရောက်တတ်ရာရာ တွေးတောစိတ်ကူးရင်း ဩဂုတ် ၄ရက်တွင် ပုဂံမှ မန္တလေးသို့ ပြန်လည်ထွက်ခွာခဲ့ရပါတော့သည်။

ပေါ်ဦးသက်

ဟံသာဝတီသတင်းစာ
၉၊ ဩဂုတ်၊ ၁၉၇၅။