စစ်မှန်သော အနုပညာ
အနုပညာရှင်စစ်စစ်ဆိုတာ သူ့ပုံပါတဲ့ တီရှပ်ကလေးဝတ်ပြီး လူကြားထဲသွားရရင်ကို မြောက်ကြွမြောက်ကြွနဲ့ ကိုယ့်ကိုကိုယ် သူ့ fan ဖြစ်ရတဲ့အတွက် ဆရာကြီးလိုလို၊ ဘာလိုလို ခံစားရစေမဲ့လူမျိုး။ ကိုယ်က သူ့ကိုကြိုက်တာပါလို့ ဂုဏ်ယူတကြီးပြောရလောက်တဲ့လူမျိုးဖြစ်နေရမယ်။
Nirvana ရဲ့ ဆေးကွဲနေတဲ့ပုံ band logo ကိုအင်္ကျီမှာတံဆိပ်ရိုက်ပြီးဝတ်။ Queen band တံဆိပ်ပါတဲ့ ဦးထုပ်ဆောင်း။ပြီးတော့ kurt cobain ပုံတက်တူးထိုးဦးမလား။ ဒါမှမဟုတ် Eminem စီးတဲ့ sneaker ပုံစံတူပဲလိုက်စီးဦးမလား။ အနုပညာရှင်ဆိုတာ ခုနကျွန်တော်ပြောသလိုပဲ သူ့အကြောင်း၊သူ့အနုပညာအကြောင်း ပြောနေရရင်ကို ကိုယ့်မှာကျေနပ်နေရလောက်မဲ့လူမျိုး။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မြန်မာပြည်မှာ ခုချိန်ဒီလို အနုပညာရှင်မရှိဘူး။ ရှိခဲ့ဖူးတဲ့ အနုပညာသမားစစ်စစ်ကြီးတွေကလဲ ဘယ်တော့မှ လောကကြီးမှာ ကြာကြာမနေဘူး။ မအိုခင်သေကြတာပဲ။ ဘာသဘောမှန်းတော့မသိဘူး။ ခုချိန် ဆရာမြို့မငြိမ်း၊ ဦးငှက်၊ ဦးထီး၊ ကိုဒိုးလုံး၊ ကိုအယ်ဖြူ တို့ပုံ အင်္ကျီမှာတံဆိပ်ရိုက်ပြီး ဝတ်ဆို ဝတ်တာပေါ့။ ခင်ဗျားတို့ဝတ်ရဲလား ယုံလေးပုံတို့၊ ဘစိုင်းပုံတို့။ ...အဲတာကွာတာပေါ့။
ဒီကောင်တွေဆိုတာ အနုပညာရှင်လို့ကိုမခေါ်ထိုက်ပါဘူး။ ဖျော်ဖြေရေးအဆင့်မှာပဲရှိမယ်။ အနုပညာဆိုတဲ့ ဝေါဟာရကလဲ တော်တော်လေးဖောင်းပွလာတယ်။ ခုခေတ်မှာလူတိုင်းက အနုပညာရှင်ဖြစ်လို့ရနေတာပဲကြည့်။ တစ်တော့ မှာ video လေးတစ်ခုတင်လို့ like တို့ viewer တို့ များလာရင်ပဲ အနုပညာရှင်ဖြစ်လာပြီ။ စတူရီယိုမှာ တစ်ဆက်ရှင်သုံးထောင်နဲ့ ဒေါင်းဘိလေးခံ ဘာညာဘာညာရွတ်ပြီး facebook ပေါ်တင်၊ like လေး တစ်ရာနှစ်ရာရရင်ကိုပဲ အနုပညာရှင်ဖြစ်ပြီ။ facebook ပေါ်မှာတစ်ရာဖိုးသုံးပုဒ် အချစ်လိုလို၊ depression ဝင်သလိုလို၊ လွမ်းသလိုလို၊ဆွေးသလိုလိုစာလေးရေးတင်လို့ like များလာရင် အနုပညာရှင်ဖြစ်ပြီ။ မိုက်တာပေါ့။
တကယ်ဆို အနုပညာရဲ့ အသက်က ခံစားသက်ဝင်မှု၊ အတွေးအခေါ်နဲ့ လွတ်လပ်မှုပေါ်ကိုမူတည်တယ်။ ဒါပေမဲ့ အခုခေတ်သစ်အနုပညာဆိုတာကြီးကတော့ လူကြိုက်များမှုအပေါ်မူတည်နေတယ်။ စီပွားရေးဆန်လာတယ်။ ဒါဟာ အနုပညာမဟုတ်ဘူး၊ အနုပညာလို့ ကင်ပွန်းမတပ်သင့်ဘူး။ ဖျော်ဖြေရေးသက်သက်ပဲ။ ခုခေတ်မှာ အနုပညာရှင်ပေါက်စတွေထွက်လာရင်တောင် ဖျော်ဖြေရေးလောကက ပေါ်ပင်ကောင်တွေ အနုပညာပလ္လင်ပေါ်ကိုတက်ပြီး နေရာယူထားတာကြောင့် ဘယ်လိုမှ ခေါင်းထောင်လို့မရဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် လူထုကလဲ အနုပညာခံစားနိုင်စွမ်း နည်းတယ်။ ဒါကလဲပြသနာတစ်ခု။ အနုပညာခံစားနိုင်စွမ်းမရှိတဲ့လူတွေကိုအနုပညာချပြလဲအလကားပဲ။
ကျွန်တော်အပေါ်က ပြောသလို အနုပညာရဲ့ အသက်က ခံစားသက်ဝင်မှု၊ အတွေးအခေါ်နဲ့၊ လွတ်လပ်မှုတို့အပေါ်မူတည်နေတယ်။ မြန်မာလူထုမှာ ပညာရေးရေချိန်နိမ့်တာကြောင့် အတွေးအခေါ်မှာလိုက်ပြီးနိမ့်တယ်။ နောက်ပြီး နိုင်ငံရေးအခြေအနေ၊ မိရိုးဖလာယဉ်ကျေးမှုနဲ့ ဘာသာရေးတွေကြောင့် လွတ်လပ်မှုမှာ တဆင့်ထပ်ပြီးနိမ့်တယ်။ ဒီနှစ်ခုနိမ့်တော့ စီးပွားရေးနဲ့စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းတွေရှိလာတယ်။ ဒီအခါ ခံစားသက်ဝင်မှုကိုအလေးမပေးနိုင်တော့ဘူး။ ဒါကလူတိုင်းကိုမဆိုလိုပေမဲ့ အခြေအနေအရ အတော်များများက ဒီအတိုင်းဖြစ်နေတယ်။ ဒီတော့ လူထုရဲ့အနုပညာခံစားနိုင်မှုအဆင့်အတန်းကလဲ နိမ့်ပြီပေါ့။ လူထုမှာကိုက အနုပညာခံစားနိုင်စွမ်းမရှိတော့ အနုပညာဖန်တီးသူဘက်ကတိုးတက်လာစရာအကြောင်းမရှိတော့ဘူး။ ဒီတော့ အနုပညာရှင်မထွက်။ မထွက်တဲ့အနုပညာရှင်တွေရဲ့နေရာကို ပေါ်ပင်ကောင်တွေကဝင်ထိုင်။ ဒါပဲပေါ့။
ဒီ သံသရာကြီးကိုရပ်ချင်ရင်တော့ လွပ်လပ်မှုကအရေးပါတယ်။ လွပ်လပ်စွာတွေးခေါ်ခွင့်၊ လွပ်လပ်စွာဖန်တီးခွင့်၊ လွပ်လပ်စွာချပြခွင့် စသဖြင့်ပေါ့။ ဒါပေမဲ့ အခုဖြစ်နေတာကတော့ မြင်တဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ရဲ့လွတ်လပ်မှုက စစ်ဖိနပ်အောက်ရောက်နေတာပဲ။ မြန်မာနိုင်ငံအရေးမှာ စီးပွားရေးပဲဖြစ်ဖြစ်၊ soft power ဖြစ်တဲ့ အနုပညာအရေးပဲဖြစ်ဖြစ် အခြားသောအရေးပေါင်းသောင်းခြောက်ထောင်ကို ရှေ့ဆက်တိုးတက်စေချင်ရင်တော့ ဒီစစ်ဖိနပ်အောက်ကလွတ်ဖို့ တော်လှန်ရေးကိုဦးစားပေးရမှာပဲ။ ဒီတော့ အရေးတော်ပုံ အောင်ရမည်။ စစ်မှန်သောအနုပညာထွန်းကားပါစေ။
#CRD
...
artwork. ..zwe yan naing