ကျွန်ုပ် ကြိုက်နှစ်သက်သော မြန်မာ ပန်းချီဆရာများထဲမှ တစ်ဦး

 ကျွန်ုပ် ကြိုက်နှစ်သက်သော မြန်မာ ပန်ချီဆရာများထဲမှ တစ်ဦးကို ပြပါဆိုလျှင် ပေါ်ဦးသက်ကို ပြရပါလိမ့်မည်။ ကျွန်ုပ်အတွက် သူ၏ ပန်ချီကားလေးများသည် အလွန်တရာမှ ချစ်စရာကောင်းကာ အပြစ်ကင်းလွတ် နေလေ့ရှိသည်။

ပေါ်ဦးသက်အား ၁၉၃၆-ခုနှစ် မန္တလေးတွင် မွေးဖွားခဲ့ပါသည်။ သူ၏ ဖခင် ဦးလှကြီးသည်လည်း အနုပညာကျောင်းတွင် စာသင်လျက်ရှိနေသော အနုပညာသမားတစ်ယောက်ဖြစ်သည်။ ပေါ်ဦးသက် ၏ မိခင်သည် ပေါ်ဦးသက် ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ရာ ဖခင်ကြီးကပင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရပါသည်။ ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက်မြန်မာပြည်အတွင်း ငြိမ်းချမ်းရေး အောင်ပွဲများ ကျင်းပချိန်အတွင်း လက်ပစ်ဗုံးတစ်လုံး မတော်တဆ ပေါက်ကွဲမှုကြောင့် ၁၂-နှစ် အရွယ် ကလေးဘ၀ တွင် သူ၏ ညာဘက် လက်တစ်ဖက် ဆုံးရှုံးခဲ့ရလေသည်။

ညာလက်ကိုသာ အမြဲတန်းသုံးလေ့ရှိသည့် ညာသန်သမား ပေါ်ဦးသက်သည် ထိုအချိန်မှစ၍ ဘက်လက်ကိုအသုံးပြု စာရေးခြင်း၊ ပုံဆွဲခြင်းများကို ကြိုးစားလေ့ကျင့်ရခဲ့သည်။ ထို့နောက် သူသည် ကျောင်းပြန်တက်ရန်အတွက် လွန်စွာမှ တုံ့နေကာ သူ၏ ကျောင်းပညာရေးသည် ဒုတိယတန်းမှာပင် ရပ်တန့်နေခဲ့သည်။ ကံကောင်းစွာပင် သူ၏ဖခင်ကြီး ၏ မိတ်ဆွေကောင်း တစ်ယောက်က အလားအလာကောင်း၍ ထွန်းပေါက်နိုင်မည့် အနုပညာရှင် ပေါ်ဦးသက်အား ကျောင်းပြန်တက်ရန် တိုက်တွန်းနိုင်ခဲ့လေသည်။ ထို့နောက် သူသည် အခြေခံ ပညာရေး စနစ်ကို အောင်မြင်စွာ ကြိုးစားနိုင်ခဲ့သည်။

ပေါ်ဦးသက်သည် ပန်ချီဆွဲခြင်း အနုပညာကို သူ၏ ဖခင်ကြီးဆီမှ သင်ယူခဲ့လေသည်။ အသက် ၁၅-နှစ် အရွယ်တွင် ပန်ချီဆရာ ဦးဘသက်နှင့် ဦးခင်မောင် တို့ထံမှ ပန်ချီပညာရပ်များကို ဆက်လက် ဆည်းပူးကာ ဦးဘသက် နာမည်ကို ဆွဲယူလျက် သူ၏ နာမည်တွင် သက် ဆိုသည်ကို ထည့်ကာ ပေါ်ဦးသက် ဟူ၍ ဖြစ်ခဲ့ပေသည်။ သူကျောင်းတက်နေစဉ် ကာလအတွင်း ပန်ချီပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်ပေါင်း မြောက်မြားစွာကို ဆွတ်ခူးနိုင်ခဲ့သေးသည်။ ၁၉၅၉-ခုနှစ်တွင် အမေရိကန်မှ အနုပညာကျောင်းတစ်ခုက ပေးသော စာပေးစာယူ စကောလားရှစ်ကိုလည်း ရရှိခဲ့လေသည်။ အသက် နှစ်ဆယ်တစ်နှစ် အရွယ်တွင် သူသည် သူ၏ အနုပညာဖြင့် အသက်မွေး ဝမ်းကြောင်းခဲ့ကာ ထိုစဉ်က မဂ္ဂဇင်းစာစောင်များ၊ မန္တလေးပြည်သူ နေ့စဉ် သတင်းစာ၊ ကြေးမုံ သတင်းစာ၊ ရန်ကုန် လူထု နေ့စဉ် သတင်းစာတို့တွင် သရုပ်ဖေါ်ပုံများ၊ ကာတွန်းများ ရေးဆွဲခဲ့လေသည်။

ယူနီဆက် ရန်ပုံငွေရှာရန်အတွက် "Asian Harbor Scene"(1974) နှင့် "Market"(1975) ဆိုသည့် ပန်ချီးကား နှစ်ကားကိုလည်း ဆွဲပေးခဲ့သေးကာ ထိုပန်ချီးနှစ်ကားကို ဒိုယာရီမျက်နှာဖုံး၊ တံဆိပ်ခေါင်းများ၊ ပို့စကတ်များ ပုံနှိတ်ရာတွင် အသုံးပြုခဲ့သည်။ မြန်မာပြည် အစိုးရနှင့် UN ကကျင်းပပေးသော စာပေ အနုပညာ ပြပွဲ ပြိုင်ပွဲများအတွက် လိုအပ်သော သရုပ်ဖော်ပုံများကို လည်း ရေးဆွဲပေးခဲ့သည်။ ထို့ပြင် သူ၏ သရုပ်ဖော်ပုံများကို ဥရောပနှင့် အမေရိကန် နိုင်ငံများတွင်လည်း ကျောင်းပညာသင်ရိုးတန်းများတွင် အသုံးပြုကာ ပုံနှိတ်ထုပ်ဝေခဲ့သေးသည်။ ၁၉၆၃-ခုနှစ် ရန်ကုန်၌ သူ၏ တစ်ကိုယ်တော် အနုပညာပြပွဲကျင်းပခဲ့ကာ ပြပွဲဖွင့်လှစ်ပြီး ခဏတာ အတွင် သူ၏ ပန်ချီကားများ အကုန်လုံး ရောင်းလိုက်ရကာ သူ၏ ပထမ အဦးဆုံး အောင်မြင်မှုပင် ဖြစ်ခဲ့လေသည်။

ထို့နောက် ပေါ်ဦးသက်အား မြန်မာ့ ယဉ်ကျေးနှင့်အနုပညာကို အနောက်တိုင်း ခေတ်သစ် ပန်ချီရေးနည်း ရေးဟန်များဖြင့် ရောစပ် မွှေနှောက်နိုင်သည့် အတွက် အနောက်တိုင်းမှ အနုပညာရှင်များ အကြားတွင် လူသိများလာခဲ့သည်။ ဆေးလိပ်အား အလွန်အကျွံ သောက်သုံးသူ တစ်ယောက် ဖြစ်ခဲ့သည့် အားလျော်စွာ၊ ၁၉၉၃-ခုနှစ် အေပြီလ ၁၃ ရက်နေ့တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် အသက် ၅၇-နှစ်အရွယ်တွင် မန္တလေး နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။

 

Tin Maung Hlaing

အနန္တမေတ္တာဖြင့်

ဘကောင်း