ဂျပန်ရောက် ပေါ်ဦးသက်၏ ပန်းချီကားတစ်ချပ်

တစ်ခါတုန်းက......

ကျွန်ုပ်သည် ပန်းချီဆေးရေးအနုပညာတွင် အလွန်စိတ်ဝင်စားခွင့် ရခဲ့ပါသည်။

    ဆရာဦးငွေကိုင်, ဆရာဦးအုန်းလွင်, ဆရာဦးစံဝင်း, ဆရာဦးဘကြည်, ဆရာဦးလှရှိန်စသော ပန်းချီပညာရှင်များနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်း၍ ဆရာကြီးများအောက်ဒိုး ပန်းချီရေးဆွဲရန်ထွက်သောအခါများတွင် ကျွန်ုပ်လိုက်၍ ဆေးပေးမီးယူလုပ်ခဲ့ပါသည်။

     ထိုအခါက အမြဲလိုလိုက်ကာ ဆေးပေးမီးယူလိုက်သည့်သူငယ် မောင်အောင်စိုးကို အိန္ဒိယနိုင်ငံသံရုံးအတွင်းဝန် ရန်ကုန်တက္ကသိုလ်ဆရာဟောင်း မစ္စတာရာမာမိီရသန် နှင့် မိတ်ဆက်ပေးကာ ဘဂ်လားပြည် ရဝိန္ဒရာနတ်တဂိုး၏ သန္တိနိကေတန်ကျောင်းသို့ ပို့ပေးခဲ့ပါသည်။

    ထိုမျှမကသေးပါ။ တက်နိုင်သမျှ ချွေတာစု၍ ပန်းချီဆရာကြီးများ၏ လက်ရာများကိုဝယ်ယူပြီးလျှင် အိမ်တွင် အမြတ်တနိုးဆွဲချိတ်ပါသည်။

ဦးငွေကိုင်၏ ပို့ထရိတ်ကား၊ ဦးအုန်းလွင်၏ ဘုရားစျေးပန်းသည်၊ ဦးစံဝင်း၏ရာသီဘွဲ့ကားများနှင့် ပို့ထရိတ်၊ ဦးဘကြည်၏ ရာမမင်း သမင်လိုက်ခန်း မြန်မာကောက်ကြောင်း ပန်းချီကား၊ ဦးလှရှိန်၏ ပျဥ်းမငုတ်တို၊ ဦးနန်းဝေ၏ ပျဥ်းမငုတ်တို စသည်တို့ကို ကျွနိုပ်၏ ဧည့်ခန်းတွင် နေရာမလပ်ဆွဲချိတ်ထားပါသည်။

     ဤတွင် ကျွနိုပ်တင်ပြလိုသော အနုပညာလက်ရာမှာ " ကိုပေါ်ဦးသက်" ၏ လက်ရာဖြစ်ပါသည်။

    ပြသာဒ်ဆောင်၊ ဧည့်ခန်းဆောင်၊ ဘောဂဆောင်တို့နှင့် ရှေးရိုးစဥ်လာ ပြည့်စုံစွာသော ဘုန်းကြီးကျောင်းကို နောက်ခံပြု၍ ကိုရင်နှင့်ကျောင်းသားငယ်များ ဆွမ်းခံထွက်ပုံဖြစ်ပါသည်။

       ကျွနိုပ်မှာ ထိုအခါက သုံးစားပါကျ အထူး ဒုက္ခရောက်နေချိန် ဖြစ်ပါသည်။ သို့သော်လည်း ဝါသနာအတိုင်း မြို့ထဲရောက်လျှင် လောကနတ်ပန်းချီပြခန်းသို့ မကြာခဏသွားရောက်ကြည့်ရူပါသည်။

    " ကိုပေါ်ဦးသက် " မှာ လောကနတ်တွင် ကျောင်းအိပ် ကျောင်းစားဖြစ်သဖြင့် ကျွနိုပ်တို့ သိကျွမ်း ခင်မင်ရင်းနှီးသွားပါသည်။

     တစ်ခါသော် " ကိုပေါ်ဦးသက် " ၏ ဆွမ်းခံထွက်ပုံကားကို တွေ့ရလျှင် ကျွနိုပ် အလွန်သဘောကျမိပါသည်။

ရွာဦးက ကြေးစည်သံ

ကျောင်း ဝေဠုဝန်

ဆွမ်းတော်ခံ

ကိုရင် ကြွပါလိမ့်

ဆွမ်းအုပ်ပြင်ပါ့

ဆိုသော ကျွနိုပ်၏ ကဗျာတစ်ပုဒ်ကို သရုပ်ဖော်ထားသည်ဟုပင် အတ္တကြီးစွာဖြင့်ထင်မိလိုက်ပါသည်။သို့ဖြင့်ယင်းကားကို တတ်နိုင်သမျှတန်ဖိုးခွဲကာ အရစ်ကျဝယ်၍ အိမ်နံရံကျယ်ကျယ်တစ်နေရာတွင် ဆွဲချိတ်ထားပါသည်။ဦးငွေကိုင်မှ စ၍ ပေါ်ဦးသက်အထိ ပညာရှင်များ၏ အနုပညာလက်ရာများကို အိပ်ရာထသည်မှ အိပ်ယာဝင်သည်အထိ မြင်တွေ့ကာ နေရသည်ကို ကျွနိုပ်နှစ်သက် ရောင့်ရဲနေခဲ့သည် ထင်ပါ၏။

    တစ်နေ့သော အခါတွင် ကျွန်ုပ်သားတစ်ယောက်ကို အကြောင်းပြု၍ ဂျပန်တစ်ယောက်အိမ်ကို အလည်လာပါသည်။ ထိုသူသည် ပေါ်ဦးသက်၏ ပန်းချီကားကို စိုက်ကြည့်ကာ သူ့မှာ ပန်းချီဆီဆေး အပြည့်အစုံရှိသည်။ ဤကားမျိုးကို ရေးပေးလျှင် ဤဆေးများကို ပေးမည်ဆို၍ ထိုဂျပန်နှင့် ကိုပေါ်ဦးသက်ကို မိတ်ဆက်ပေးလိုက်ပါသည်။

     ကိုပေါ်ဦးသက် လည်း လောကနတ်တွင်နေကာ သူမှတ်မိသမျှဖြင့် ဆွမ်းခံထွက်ပုံကို ရေးပါသည်။ ပြီးသောအခါ ကျွန်ုပ်ယူ၍ ဂျပန်ကို သွားပေးပါသည်။

   မှတ်ဉာဏ်ကောင်းသော ဂျပန်ကား ထိုပုံသည် ကျွနိုပ်အိမ်ကပုံနှင့်မတူ။ မကြိုက်ဘူး။ ဆီဆေးများကို ပြန်ပေးဟု ပြတ်ပြတ်တောင်းတောင်း ပြောပါသည်။ ကျွန်ုပ်မှာကြားထဲက ဘာလုပ်ရမည်မသိ။ ဘာပြောရမည်မသိ။ ဤအကြောင်းကို ကိုပေါ်ဦးသက်သိသွားမည်ကိုလည်း စိုးသည်။ နောက်ဆုံးတွင် မတတ်သာတော့၍ ကျွန်ုပ်ကိုယ်တိုင် အိမ်ကကားကို နောက်ကားနှင့် အစားထိုးကာ ဖြုတ်ပေးလိုက်ရပါသည်။ 

ယခုအခါ ထိုကားသည် ဂျပန်နိုင်ငံ တိုကျိူမြို့ အိမ်တစ်အိမ်တွင် အခန့်သားရှိမည် ထင်ပါသည်။

ကျွန်ုပ် ဂျပန်တွင်နေစဥ်က ထိုကားကိုသွားကြည့်မည်ကြံပါသေးသည်။ သို့သော်လည်း ကားပိုင်ရှင်ကို တွေ့ရမှာကြောက်၍ မကြည့်ခဲ့ရပါ။ 

ကိုရင်လေးတို့ကား......

ဆွမ်းခံထွက်မြဲ

ထွက်နေကြမည်

ဖြစ်ပါသည်။

မင်းသုဝဏ်

မဟေသီ၊ ဇွန်၊ ၁၉၉၃။

CD: theavaartgallery